တံတားဦး ဒီဇင်ဘာ ၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်း (၁/၂၀၂၁) ဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မျိုးထက် က သင်တန်းဖွင့်ပွဲအမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးကျော်ကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားရာတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ရည်ရွယ်ချက်များကို အောင်မြင်အောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ ဒါ့အပြင် လူသားချင်း စာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်း အကျိုးကို ဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း ၊ ကမ္ဘာတစ်ဝန်းပျံ့နှံခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူများကို ကူညီပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း စသည်တို့ကိုဆောင်ရွက်ကြရန် လိုကြောင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီအသင်းမှ တံတားဦးမြို့နယ်ကြက်ခြနီအသင်း(ခွဲ)ရုံးသို့ ကျန်းမာရေးသုံး Mask သေတ္တာ(၅၀)လုံး၊ လက်အိပ်သေတ္တာ(၂)လုံး ၊ Hand Gel (၁၂)ဘူး၊ အသက်ရှူအားကူနည်း သင်ထောက်ကူပြု ရုပ်ထု(၁)ခု၊ ဆေးပစ္စည်းစုံပါရှိသော ရှေးဦးပြုစုခြင်းပစ္စည်း(၃၅)ခု၊ တပ်ဖွဲ့ဝင်ဆောင်း ဦးထုပ်ကြီး(၁၀)လုံး၊ အသင်းသား၊ အသင်းသူများအတွက် ဦးထုပ်(၃၀)လုံးနှင့် ငွေကျပ်(၂)သိန်း တို့ကိုပေးအပ်ရာ တံတားဦးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဌနှင့် တာဝန်ရှိသူများ အသီးသီးလက်ခံရယူကြပြီး မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးဟန်တင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလကို(၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။
ရဲတင့်(တံတားဦး)