ကျိုင်းတုံ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့က မြို့လယ်နာရီစင်ရှေ့နှင့် အသွားအလာများသည့် နေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းအရှေ့၊ အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူး ညီညီလှိုင်ဦးစီးပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်နှင့် ဆိုင်ကယ်စီးနှင်းသူများအား ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မှီသော ဆိုင်ကယ်ဦးထုပ်ဆောင်ရန်နှင့် မေးသိုင် းကြိုး စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကိုင်ဖုန်းပြောပြီး ယာဉ်/ဆိုင်ကယ် မောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်များ ရှေ့မီးဖွင့်ပြီး မောင်းနှင်ရန်၊ ကားမောင်းလျှင် မောင်းနှင်သူနှင့် ယာဉ်ပေါ် လိုက်ပါသူများ ထိုင်ခုံခါးပါတ် ပါတ်ပြီး မောင်းနှင်ကြရန်၊ သဲ/ကျောက်/မြေသယ်ယာဉ်များ၊ အမိုးအကာ လုံခြုံစွာအုပ်၍ မောင်းနှင်ရန်နှင့် အရှိန်ပြင်းမောင်နှင်ခြင်းမပြုရန်၊ အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်းမပြုရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် ကြတ်မတ်စစ်ဆေး အသိပညာပေးပြောကြားသည်။
ထို့အပြင် ယာဉ်စည်းကမ်း မလိုက်နာသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)