ကျောက်မဲမြို့နယ်တွင် အားကစားဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲနှင့် အားကစားပစ္စည်း ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ကျောက်မဲ     ဒီဇင်ဘာ    ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍  ကျောက်မဲမြို့နယ်၊ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်း၌ အားကစားဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲနှင့် အားကစားပစ္စည်း ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ ဟောပြောပွဲတွင် ကျောက်မဲခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းနွယ်က အားကစားအမျိုးအစားများအကြောင်း၊ အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတို့တွင် ဝင်ရောက် အရွေးချယ်ခံနိုင်ရေး သိကောင်းစရာများတို့ကို ဆွေးနွေးဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းအတွက် အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံးများ ထောက်ပံ့လှူဒါန်းခြင်း၊  နည်းပြအဖွဲ့များမှ သရုပ်ပြကပြခြင်း ၊ စားပွဲတင်တင်းနစ်  သရုပ်ပြ ကစားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာမှလည်း ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီ အချိန်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)