ပျော်ဘွယ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပျော်ဘွယ်     ဒီဇင်ဘာ     ၄

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများ အသင်းဝင် (Book Club) များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာရေးဆရာညီညီနိုင် ရေးသားသည့် အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှုသဘောတရား စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဖုန်းနိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးပြီး တက်ရောက်လာသူများက စာရေးဆရာညီညီနိုင် ရေးသားသည့် အုပ်ချုပ်ရေးနီတိများနှင့်ခေါင်းဆောင်မှုသဘောတရား စာအုပ်ပါ အကြောင်းအရာများကိုဖတ်ရှုကာ စာဖတ်သူတစ်ဦးအနေအဖြင့် ကိုယ်ပိုင်အတွေး အမြင်များအား အပြန်အလှန်ဆွေးနွေးကြသည်။

လေ့လာသူတစ်ဦးအနေဖြင့် တက်ရောက်လာသည့် စာပေဝါသနာရှင် ဦးသိန်းဆွေ က ယခုစာအုပ် သည် လူငယ်များအတွက်အသုံးဝင်သည့် စာအုပ်ဖြစ်ပါကြောင်း၊ လူငယ်များသည် နောင်တစ်ချိန် အကြီးအကဲနေရာရောက်ရှိ သည့်အချိန်တွင် ခေါင်းဆောင်နိုင်မှုနှင့်အုပ်ချုပ်ရေးဆိုင်ရာများအတွက် အသုံးဝင်သောကြောင့် အမြဲတမ်းဆောင်ထား သင့်သည့်စာအုပ်ဖြစ်ပါကြောင်းတို့ကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)