ကျောက်ဆည် ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ဝက်ထိန်းကျေးရွာအုပ်စု၊ တဲကြီးကျေးရွာမှ တောင်သူ ဦးစိုးဝင်း ကွင်းအမှတ်(၄၁၄)၊ ဦးပိုင်အမှတ်(၃၆)တွင် စိုက်ပျိုးထားသော ဧရာမင်းမျိုးသန့်မျိုးစေ့ထုတ် စံပြကွက်(၃၀)ဧကအား ယနေ့နံနက် ၁၀ နာရီက စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းရာသို့ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင် ဝန်ထမ်းများ၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဦးစီးမှူးနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်တင်ထွန်း၊ မျိုးသန့်မျိုးစေ့ထုတ် စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရကာ ဧရာမင်း မျိုးသန့်မျိုးစေ့ထုတ် စံကွက် ရိတ်သိမ်းရာတွင် (၁)ဧက စပါး အစို (၁၃၀)တင်းထွက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ ၂၀၂၀-၂၀၂၁၊ ခုနှစ် မိုးစပါးရာသီတွင် စပါးစိုက်တောင်သူများအတွက် စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးနိုင်ရေး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပုဂ္ဂလိကစိုက်ပျိုးရေး ကုမ္ပဏီများမှ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပေါ်ဆန်းယဉ်၊ ပေါ်ဆန်းဘေးကျားစသည့် စပါးမျိုးများကို မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဧကပေါင်း (၈၈၇.၅) ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)