သံတွဲ ဒီဇင်ဘာ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကာ သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အထောက်အကူပြု ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့မိမြို့ဖ ဦးထွန်းသန့်ကျော်က အဖွင့်အမှာစကား ပြောကြားရာ ယခုအခါ မကြာမီ ဖွင့်လှစ်မည့် လူထုအခြေပြုဗဟိုဌာန (Community Centre) သည် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် တစ်ခုတည်းသော လူထုအခြေပြုဗဟိုဌာန (Community Centre) ဖြစ်ပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက် သံတွဲဒေသရှိ ပြည်သူလူထုများက ရေရှည်ထိန်းသိမ်းအသုံးပြုသွားကြ ရမည်ဖြစ်ပါကြောင်း၊ ရေရှည်ထိန်းသိမ်းရာတွင် လိုအပ်သည်များကို စိတ်စေတနာအပြည့်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး မြို့မိမြို့ဖ ဦးအောင်ကျော်စိုးက လူထုအခြေပြုဗဟိုဌာန (Community Centre) နှင့် စပ်လျဉ်း၍ အစည်းအဝေး ကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (သံတွဲခရိုင်) ဒေါ်လဲ့လဲ့ဝင်း က လူထုအခြေပြုဗဟိုဌာန (Community Centre) နှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း ရာတွင် လူထုအခြေပြုဗဟိုဌာနဆိုသည်မှာ အများပြည်သူဝင်ထွက်သွားလာ နိုင်သည့်နေရာ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ရပ်ကျိုး/ ရွာကျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်သည့်နေရာ တစ်ခုအဖြစ် အသုံးပြုနိုင်ပါကြောင်း၊ ကလေးသူငယ်များအတွက် ကလေးစာဖတ်ခန်း၊ ကလေး ကစားခန်းများ ပါဝင်မည်ဖြစ်ပါကြောင်း၊ လူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးကဏ္ဍများကိုလည်း တစ်စုတစ်စည်းတည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း စသဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လိုအပ်သည်များ ဆွေးနွေးတင်ပြခဲ့ကြပြီး သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အတွက် အထောက်အကူပြု ကော်မတီကို နာယက (၁) ဦး၊ ဥက္ကဋ္ဌ (၁) ဦး၊ ဒုဥက္ကဋ္ဌ (၂) ဦး၊ အတွင်းရေးမှူး (၁) ဦး၊တွဲဖက် အတွင်းရေးမှူး(၂)ဦး၊ ဘဏ္ဍာရေးမှူး (၁)ဦး ၊တွဲဖက် ဘဏ္ဍာရေးမှူး (၂)ဦး၊ စာရင်းစစ်မှူး ( ၁ )ဦး၊ တွဲဖက် စာရင်းစစ်မှူး(၂)ဦး၊အဖွဲ့ဝင်(၆)ဦး၊စုစုပေါင်း(၁၉) ဦး တို့ဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
သံတွဲမြို့သည် အမည်မသေသောမြို့တစ်မြို့ဟု သမိုင်းထင်ရှားရှိသောမြို့ဖြစ်ပြီး ရွှေဆံတော်စေတီ၊ ရွှေအံတော်စေတီ၊ ရွှေနံတော်စေတီအမည်ရှိသော သမိုင်းဝင်ဗျာတိတ်တော်ရ ဘုရားသုံးဆူ တည်ရှိ သည့်အပြင် ကမ္ဘာကျော်ကမ်းခြေများအနက် တစ်ခုအပါဝင်ဖြစ်သော အာရှတွင် အပျိုစင်ကမ်းခြေ ဟုတင်စား ခေါ်ဝေါ်ခြင်းခံရသည့် သာယာလှပသော ငပလီကမ်းခြေကို ပိုင်ဆိုင်ထားသော မြို့တစ်မြို့ ဖြစ်ကြောင်းသိရသည်။
သန့်ဇင် ( ခရိုင်ပြန်/ဆက် )