လမိုင်းမြို့တွင် အသက်(၁၂)အထက်  ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

လမိုင်း           ဒီဇင်ဘာ       ၄

မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ အခြေခံပညာ  စာသင်ကျောင်းများတွင်  ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက်  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   (Sinovac) (ပထမအကြိမ်) ထိုးနှံပေးခြင်းကို   ယမန်နေ့ နံနက် ၉ နာရီက စုရပ် နေရာဖြစ်သည့်  လမိုင်းမြို့အ.လ.က(မွန်)ကျောင်း၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   လာရောက်ထိုးနှံသည့်  အုပ်စု(၆)အုပ်စုမှာလမိုင်းမြို့၊  ကော့ဒွတ်ကျေးရွာ၊  မော့ကနင်၊  မော့ကနင်ရွာသစ်၊ နှစ်ကရင်၊ သောင်ပြင်ကျေးရွာမှ အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကျန်းမာ‌ရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/ကျောင်းသူများအား စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေး ပေါင်ချိန် တိုင်းတာပေးခြင်းနှင့်  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ဆေးထိုးပြီး ကျောင်းသား/ကျောင်းသူများအား မိနစ်(၃၀)ခန့်   အနားယူ စေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ‌   ဆောင်ရွက်‌ပေးကြသည်။  

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို   လမိုင်းမြို့ရှိ   ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ ပူးပေါင်း၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့”  ဆောင်ပုဒ်နှင့်အညီ   အသက် (၁၂) နှစ်အထက် ကျန်ရှိနေသေး သော ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံ ပေးသွားမည်ကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)