မိုးနဲမြို့ မြို့မဈေး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြု

မိုးနဲ   ဒီဇင်ဘာ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် နိုဝင်ဘာ ၂၀ ရက်နေ့မှ ယာယီပိတ်ထားသော မြို့မဈေးကြီးအား ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်း ကော်မတီထံမှသိရသည်။

ယင်းသို့ ဈေးများဖွင့်လှစ် ရောင်းချခွင့်ပြုရာတွင် ဈေးရောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိသူများကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုခြင်း၊ ဈေးဝယ်ယူသူ များအနေဖြင့် သတ်မှတ်ထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများ ကိုသာဈေးအတွင်း ဈေးဝယ်ယူ ခွင့်ပြုခြင်းများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာန၊ ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးသို့လာရောက်သူများအား ကာကွယ်ဆေး ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်များ စစ်ဆေးခြင်း၊ ကာကွယ်ဆေးမထိုးနှံ ရသေးသူ များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိ ပညာပေးနှိုးဆော်ခြင်း များကိုပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကင်းစင်ပပျောက်ရေးအတွက် မြို့မဈေး ကြီးအား အပတ်စဉ်ဈေးနေ့တစ်ရက်တည်းကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)