မင်္ဂလာဒုံ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျ လာစေရေးအတွက် စက်ရုံဝန်ထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီက မင်္ဂလာဒုံမြို့နယ်၊ မြန်မာယမ်စိန်ဖိနပ်စက်ရုံ အပါအဝင် စက်ရုံပေါင်း (၁၀)ရုံရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာ ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေး ထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း မှတ်တမ်းစာရွက်များအား ပြန်လည်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြန်မာယမ်စိန် ဖိနပ်စက်ရုံ အပါအဝင် စက်ရုံပေါင်း (၁၀) ရုံရှိဝန်ထမ်းစုစုပေါင်း (၇၂၅) ဦးအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန္တာ (ပြန်/ဆက်)