နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခေတ်မီစံပြကျေးရွာများ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရန် မျှော်မှန်း၍ လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာ အားကောင်းကာ အစိမ်းရောင် ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာများ ထူထောင်နိုင်ရန် ရည်မှန်းချက်ဖြင့် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊ ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မား လာစေခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကိုဖော်ဆောင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများက မိမိတို့နှင့်သက်ဆိုင်ရာကဏ္ဍများကို ဆွေးနွေးပေး စေလို ကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက နေပြည်တော်အတွင်း ခေတ်မီစံပြကျေးရွာများနှင့် ခေတ်မီစံပြကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို Power Point ဖြင့်ရှင်းလင်းတင်ပြသည်။
ယင်းနောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခေတ်မီစံပြကျေးရွာများအဖြစ် ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာ၊ လယ်ဝေးမြို့နယ် သော်မော်ကုန်းကျေးရွာ နှင့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)