တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းသား/သူ (၇၉၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီး

ရန်ကုန် ဒီဇင်ဘာ ၃

“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာ သင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု ရရှိစေရန် ရည်ရွယ်ပြီး ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ် အတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း / အထက်တန်းအဆင့် ကျောင်းသား/သူများအား (ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသည့် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း/အထက်တန်းအဆင့် ကျောင်းသား/သူ (၇၉၀)ဦး ထိရှိပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း/အထက်တန်းအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မိဘဆရာ အသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁၁၂၄)ဦးထိရှိပြီး ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသည့် အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း/အထက်တန်းအဆင့် ကျောင်းသား/သူ (၇၉၀)ဦးထိ ရှိပြီဖြစ်ကြောင်းနှင့် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသေးသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)