မံစီ မတ် ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့၌ ဒေသခံပြည်သူများ၏ တောင်းဆိုတင်ပြချက်အရ လွှတ်တော် ကိုယ်စားလှယ်မှတဆင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ (၉.၃.၂၀၂၀) ရက်နေ့မှ (၁၃.၃.၂၀၂၀) ရက်နေ့အထိ ဒေသထွက်သီးနှံအခြေခံ တန်းဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းက သင်တန်းဖွင့်လှစ်ရန် တောင်းဆိုရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်မှူးဦးအောင်မောင်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ အကြောင်းအရာများကို ဆွေးနွေးတင်ပြပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းအတွက် ထောက်ပံ့ငွေ (၃)သိန်းကျပ်ကို ပေးအပ်ခဲ့သည်။
ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်သီးနှံများ ဝယ်ယူမှုအားနည်းလာချိန်များ၌ လေလွင့်ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့်အညီ ကျန်းမာရေးနှင့်ညီညွှတ်ပြီး အန္တရာယ်ကင်းသည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများကို သင်ကြားသွားမည်ဖြစ်ပြီး ဒေသခံ ပြည်သူများက စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်သွားပါက အောင်မြင်မည်ဖြစ်ကြောင်း၊ စျေးကွက်ကို ကြည့်မည်ဆိုပါက မံစီမြို့သည် (ဗန်းမော်-မန္တလေး) ကားလမ်းမကြီးပေါ်၌ တည်ရှိနေပြီး ဒေသအတွင်းမှ အမှတ်တရ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်များ မတွေ့ရှိသေး၍ ဒေသထွက် အမှတ်တရ ကုန်ပစ္စည်းများ အဖြစ် စတင်ပြီး ဖွံ့ဖြိုးတွင်ကျယ်လာနိုင်ကြောင်း ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ပြည်နယ်မှူး ဦးအောင်မောင်းက ပြောကြားခဲ့သည်။
သင်တန်းတွင် ဒေသထွက် သစ်သီးဝလံ၊ ဆန်၊ ပဲ၊ ပြောင်း သီးနှံမျိုးစုံကို အခြေခံ၍ ဖျော်ရည်အမျိုးမျိုး၊ ယိုအမျိုးမျိုး၊ ဆော့၊ ဝိုင်၊ အကြော်အမျိုးမျိုး စသည်တို့ဖြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများကို သင်ကြားပေးမည်ဖြစ်ပြီး မြို့နယ်အတွင်းမှ သင်တန်းသူ သင်တန်းသား (၃၅)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)