ကျောက်တံခါးမြို့နယ်၏ ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကျောက်တံခါး  ဒီဇင်ဘာ  ၃

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ကာလတို၊ ကာလရှည် စီမံကိန်းများ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များကို  အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အပြင် ပြည်သူကို ဗဟိုပြုသော စီမံကိန်းများ ရေးဆွဲနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံကိန်း ဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က သက်ဆိုင်ရာ ဌာနများသို့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်တာဝန်ခံများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

စန်းစန်း