ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်  ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်

ဇမ္ဗူသီရိ      ဒီဇင်ဘာ      ၃      

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မီးဘေးအန္တရာယ်လုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊  ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့မဈေး အတွင်း၊ အပြင်ရှိ ရေငုပ်များ ကောင်းမွန်မှုရှိ/မရှိ၊ ဈေးအတွင်း၊ အပြင်ရှိ ဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများနှင့် မီးငြှိမ်းသတ်ကိရိယာများ စနစ်တကျ ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား အသိပညာပေး  ပြောကြားခဲ့သည်။

ထို့ပြင် မီးသတ်ဆေးဘူးများ၊ ရေစိုအဝတ်များဖြင့် မီးငြိမ်းသတ်ခြင်းများကို ဇမ္ဗူသီရိ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များက လက်တွေ့ရှင်းလင်း သရုပ်ပြသခဲ့ပြီး ဈေးသူဈေးသားများနှင့် ဈေးတာဝန်ရှိသူများအား လက်တွေ့မီးငြိမ်းသတ်ခြင်းများကို ဆောင်ရွက် စေခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)