တောင်ငူ ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက် အတွင်း ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး” အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲ၌ တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေးဆွေးမိုးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားသည်။
ဆက်လက်၍ Talk Show ဆွေးနွေးပွဲတွင် တရားလွှတ်တော်ရှေ့နေ ဒေါ်ကြူကြူလွင်က အကြမ်းဖက်မှုပုံစံများ အကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျူးလွန်ရခြင်း၏ အကြောင်းရင်းများ၊ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိ လက်ရောက် အကြမ်းဖက်မှုကြောင့် ထိခိုက်မှုများအပေါ် အရေးနိုင်သည့် ဥပဒေဆိုင်ရာများအကြောင်း၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဥပဒေအရပြဋ္ဌာန်းချက်များနှင့် အမျိုးသမီးများ၏ ကာယိန္ဒြေကို စော်ကားမှု ပုံစံအကြောင်းများအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စာရေးဆရာ အောင်ခန့်ဖြိုးဝေ (တောင်ငူ)က အမျိုးသမီးများ အား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံး ပပျောက်ရေး သဘောတူစာချုပ် (Cedaw) အကြောင်း ၊ အမျိုးသမီးများ အကြမ်းဖက်မှုနှင့် ပတ်သက်၍ နိုင်ငံတစ်ခုအား သာဓကအနေဖြင့် ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဆောင်ရွက်နေမှုများ၏ အခြေအနေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ အကာအကွယ် ပေးရာတွင် ဆောင်ရွက်ထားရှိသင့်သည်များအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)