ပင်းတယမြို့နယ်တွင် နှင်းဆီပန်းများ ဈေးကောင်းရသဖြင့် တစ်ပိုင်တစ်နိုင် နှင်းဆီပန်း စိုက်ပျိုးတောင်သူများ အဆင်ပြေဝင်ငွေတိုးလျက်ရှိ

ပင်းတယ   ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများတွင်  စိုက်ပျိုးရေးအခြေခံသည့်လုပ်ငန်းများ လုပ်ကိုင်ကြလျှက်ရှိရာ ပင်းတယမြို့ နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာတွင် နှင်းဆီပန်းခင်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချ အောင်မြင်ဖြစ်ထွန်းပြီး၊ မိသားစုဝင်ငွေတိုးလျှက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်ကျေးရွာရှိ၊ “တော်ဝင်နှင်းဆီခြံ” မှ နှင်းဆီစိုက်တောင်သူ‌ ဒေါ်ဌေးဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ နှင်းဆီစိုက်ပျိုးနှင့်ပတ်သတ်၍ “ကျမတို့ မိသားစုတွေက  မြေ(၂)ဧကမှာ နှင်းဆီအပင်ပေါင်း (၁၆၀၀၀) စိုက်ပျိုးထားပါတယ်။ ပင်းတယမြို့ပေါ် ဈေးတွေကို ဖောက်သည်ပေးသလို အနီးပတ်ဝန်းကျင်ကလာဝယ်တဲ့ သူတွေ ရှိရင်လည်း ရောင်းချပေးတယ်။  နှစ်ဆီတစ်ပွင့်ကို  ၈၀ ကျပ်နဲ့ တစ်လကို တစ်ကြိမ်ခူးရင် အပွင့်ရေ (၂၅၀၀၀) ကျော် ရရှိတဲ့အတွက် ငွေကျပ်သိန်း (၂၀) လောက်ရပါတယ်။ (၄)လ တစ်ကြိမ် ခူးတာဖြစ်လို့ ပထမတစ်နှစ်မှာ ရင်းနှီးထားတဲ့ငွေ သိန်း (၅၀) အားလုံးပြန် ရရုံသာမကဘူး အမြတ်ငွေလည်းရတယ်။ အခြားပန်းတွေ အထွက်များတဲ့ လတွေမှာတော့ နှင်းဆီပန်းဈေး အနည်းငယ်ကျဆင်းတဲ့အတွက် တစ်လကို အမြတ်ငွေ အနည်းဆုံး(၈)သိန်း ရပြီးတော့ အခြားပန်းတွေ အထွက်နည်းတဲ့ စက်တင်ဘာလ၊ အောက်တိုဘာလတွေမှာတော့ အမြတ်ငွေ (၁၂) သိန်းအထိရပါတယ်။ ပထမတစ်နှစ်မှာ အရင်းကြေပြီးသွားတာနဲ့ နောက်နှစ် တွေမှာတော့ လုပ်အားခစိုက်ရုံနဲ့ ရရှိတဲ့ငွေကတော့ အမြတ်ငွေတွေဖြစ်ပါတယ်” လို့ ဖြေကြားခဲ့ပါသည်။

နှစ်ဆီစိုက်ပျိုးရာတွင် စိုက်ပျိုးရန် ကိုယ်ပိုင်မြေမရှိသူတွေအနေဖြင့် မြေတစ်ဧကလျှင် ကျပ်ငွေ (၅) သိန်းဖြင့် ဌားရမ်းအသုံးပြုရကြောင်း၊ နှစ်ရှည်စီမံကိန်းဖြင့် စိုက်ပျိုးလုပ်ကိုင်မည်ဆိုပါက (၅) နှစ်ကို ကျပ်ငွေ (၂၅) သိန်းဖြင့် ဌားရမ်းရကြောင်း၊ တစ်ဧကလျှင် နှင်းဆီအပင်ပေါင်း (၈၀၀၀) ခန့်စိုက်ပျိုးပြီး၊ ရေတင်စက်များနှင့် ဆေးဖျန်းစက်များ၊ ပိုက်စွပ်များ၊ မျောစာများ၊ ဆေးဖျန်းဗူးများအပါအဝင် ကုန်ကျငွေ သိန်း(၅၀)ခန့်ရှိကြောင်းသိရသည်။ ကိုဗစ်ကာလ မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရန်ရည်ရွယ်၍ နှင်းဆီပန်းခင်းများအား ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်စိုက်ပျိုးပြီး (၄) လအကြာတွင် စတင်ခူးဆွတ် ရောင်းချနိုင်ပြီဖြစ်ကြောင်းနှင့် ယခုအခါ ဆောင်းရာသီပန်း ဈေးနှုန်းများကောင်းသဖြင့် နှင်းဆီပန်းများ လှိုင်လှိုင်ထွက်ပေါ်နေချိန်တွင် ဈေးကောင်းရရှိပြီး မိသားစုဝင်ငွေ တိုးလျှက်ရှိကြောင်း သိရသည်။

ပင်းတယ (ဒေသ ပြန်/ ဆက်)