အင်းစိန်မြို့နယ်ရှိ ရပ်ကွက်များသို့ မော်တော်ယာဉ် လှည့်လည်ကာ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်

ရန်ကုန် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက နှိုးဆော် ခဲ့သည်။

နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို မြို့နယ် အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ် လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်လာပါက နှာခေါင်း စည်းတပ်ဆင်ပြီး ထွက်ခွာရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာမှနေကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ မလိုလားအပ်ဘဲ ပြင်ပသို့ မထွက်ကြရန်၊လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်၊ လေဝင်လေ ထွက်ကောင်းသော နေရာများတွင် နေထိုင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ကြရန်စသည်တို့ကို နှိုးဆော်ခဲ့သည်။

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း (အင်းစိန်)၊ တွဲလက်လူမှုကူညီရေးအဖွဲ့၊ စိန်ရတနာနာရေး ကူညီမှုအသင်း၊ ပရဟိတအသင်း/အဖွဲ့များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်များကို အရှိန်အဟုန်မြှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)