ရန်ကုန် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍ ဦးစားပေးအစီအစဉ်အလိုက် သတ်မှတ်ထားသော ဦးတည်အုပ်စုများ၊ အသက်၁၈ နှစ်အထက် ဒေသခံပြည်သူများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၂ ရက်နေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ၃၃၆၆၉ ဦးရှိပြီး၊ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုတွင် ၃၁၄၀ ဦးနှင့် ဒုတိယအကြိမ်ထိုးနှံမှုတွင် ၉၇၆ ဦးတို့အား ထိုးနှံပြီးဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လာရောက်ထိုးနှံကြတဲ့သူ များလာတယ်၊ ခုလတ်တလော သတင်းတွေမှာ ရောဂါက ဗီဇပြောင်းဗိုင်းရပ်စ် တွေ့ရှိတယ်ဆိုတော့ လူတွေလည်း အရမ်းကြောက်နေကြတာ၊ အရင်တုန်းက ကာကွယ် ဆေးလာပြီးထိုးဖို့ကို မနည်းခေါ်နေရတာ၊ ခုတော့ ကိုယ့်အသိစိတ်နဲ့ ကိုယ်တိုင် လာရောက်ထိုးတဲ့သူတွေ များလာတယ်၊ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးနည်းလမ်းပါ ” ဟု ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ဒေသခံ ပြည်သူတစ်ဦးက ပြောကြားသည်။
ဒလမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးစုရပ်များအဖြစ် သတ်မှတ်ထားသည့် မြို့နယ်ပြည်သူ့ဆေးရုံ၊ ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၊ နန်းဦး ကျောင်းတိုက်၊ ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ ဘုရားကြီးတန်ဆောင်းတို့တွင် ထိုးနှံပေးလျက်ရှိပြီး၊ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် တပင်ရွှေထီးရပ်ကွက်ရှိ ဓမ္မာရုံ၊ တံတားချောင်းစံပြ ဘုန်းတော်ကြီးကျောင်း၊ ဓနုတ်စံပြကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း စသည့် ဆေးထိုးစုရပ်များတွင်လည်း အသီးသီးထိုးနှံပေးလျက်ရှိကြောင်း၊ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား အလှည့်ကျ သတ်မှတ်ထားသော ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)