မက်မန်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း         ဒီဇင်ဘာ        ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)လုပ်ငန်းကို လုပ်ငန်းဆောင်ရွက်မည့် မက်မန်းမြို့နယ် ဝမ်စလောင်းအုပ်စု ငဟောင်ကျေးရွာသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မက်မန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်မှ စီမံကိန်းလုပ်ငန်းများမိတ်ဆက်ရှင်းလင်းခြင်း ကော်မတီဝင်များရွေးချယ်ခြင်းနှင့် ဆောင်ရွက်သွားမည့်စီမံကိန်းလုပ်ငန်းများရွေးချယ်ပြီး ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) လုပ်ငန်းကို ဝမ်စလောင်းအုပ်စု၊ ငဟောင်ကျေးရွာ တွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ပထမ(၆)လပတ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး(IPRD)