လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အခြေခံပညာကျောင်း များ ပြန်လည်ဖွင့်လှစ်သင်ကြား

လဲချား   ဒီဇင်ဘာ   ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်နေမှုကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းနေပြီ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြားခဲ့​သည်။

ထိုသို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရခြင်းမရှိသေးသော ကျောင်းသား၊ ကျောင်းသူအချို့မှာလည်း မိဘအုပ်ထိန်း သူများနှင့် အတူ လာရောက်ကျောင်းအပ်နှံကြပြီး  ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့်ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း  သိရသည်။

လွှမ်းသူနောင် (လဲချား)