လားရှိုး ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဆေးထိုးစုရပ် (၈) ခုတို့၌ ဒီဇင်ဘာ(၄)ရက်နေ့မှစတင်ကာ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးထိုးစုရပ်များ အနေဖြင့် ပြည်သူ့ဆေးရုံကြီး၊ ရွှေကြယ်ခန်းမ၊ စွမ်းလုံခန်းမ၊ ကိုးချန့် စာသင်ကျောင်း၊ ရပ်ကွက် (၁၁) ရှိ တရုတ်စာသင်ကျောင်း၊ မယ်ဟန်ကိုးကန့် စာသင်ကျောင်း (ပထမအကြိမ်)၊ တာပုံဘုန်းကြီးကျောင်း၊ မယ်ဟန်ကိုးကန့် စာသင်ကျောင်း (ဒုတိယအကြိမ်) တို့အပြင် အ.ထ.က (နမ့်ပေါင်)၊ အ.ထ.က (နောင်မွန်)၊ အ.လ.က(ခွဲ) တာပုံ၊ အ.ထ.က ၁/၃/၄/၅/၆တို့တွင် အသက်(၁၂)နှစ်ပြည့်ပြီးသူများ အပါအဝင် ဒုတိယအကြိမ် ထိုးနှံရမည့်သူများ၊ ပထမအကြိမ် ထိုးနှံရမည့်သူများ စုစုပေါင်းလူဦးရေ (၂၁၈၀၁)ဦး တို့ကို ထိုးနှံပေးသွားမည်ဖြစ်သည်။
လားရှိုးမြို့နယ်အတွက် ရရှိသော ဆေးအလုံးရေ (၂၅၄၅)လုံးမှ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပေးမည့်ရက်များ အနေဖြင့် ဒီဇင်ဘာ(၄)ရက်နေ့မှ ဒီဇင်ဘာ(၉)ရက်နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်သည်။
ဒီဇင်ဘာ(၃)ရက်နေ့တွင် လားရှိုးမြို့ တာပုံဘုန်းတော်ကြီးကျောင်း၌ အသက်(၁၈) နှစ်ပြည့်ပြီး သူများမှ ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည့်သူများကို ကာကွယ်ဆေး ထိုးနှံပေးနေကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီက စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
ဟန်ဌေး