ကျောက်ဆည်မြို့နယ်တွင် မြေအုတ်လုပ်ငန်း လုပ်ကိုင်သူများ ပွင့်လင်းရာသီရောက်လာသဖြင့် လုပ်ငန်းများ အဆင်ပြေ လျက်ရှိ

ကျောက်ဆည် ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အနောက်သာဂရကျေးရွာအုပ်စု၊ မိုးကြိုးကုန်းကျေးရွာမှ မြေအုတ် လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ပွင့်လင်းရာသီရောက်လာသဖြင့် လုပ်ငန်းများ အဆင်ပြေလျက်ရှိပြီး ကြောင်း သိရှိရသည်။

အုတ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ကိုဗစ်-၁၉ ကာလဖြစ်သော်လည်း အဆောက်အဦးဆောက်လုပ်သူများ နေနဲ့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် မြေအုတ်မှာယူမှုများ များပြားလာသောကြောင့် လုပ်ငန်းများ ပြန်လည် သွက်လက် လာပြီး မြေအုတ်လုပ်ကိုင်သူများ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း အနောက်သာဂရအုပ်စု၊ မိုးကြိုး ကုန်းကျေးရွာမှ ကေအိုင် တံဆိပ်ဖြင့် အုတ်ဖုတ်ရောင်းချနေသည့်  ဦးကုလား၏ ပြောပြမှုအရ သိရှိရသည်။

အုတ်များပြုလုပ်ရာတွင် မြေဝါမြေစေးသည် အကောင်းဆုံ မြေတစ်မျိုးဖြစ်ပြီး ဦးစွာမြေများကို ရေဖြင့် နှပ်ထားရကာ မြေကြိတ်စက်တွင် စေးပိုင်သည်အထိ ကြိတ်ပေးရကြောင်းပြီးမှ ပုံစံခွက်ဖြင့် ပုံသွင်းကာ ခြောက်သွေ့အောင် နေလှန်း ပေးရကြောင်း၊ ခြောက်သွေ့သော မြေအုတ်များရရှိသွားပါက မီးဖုတ်ရန်အတွက်စနစ်တကျစီပြီး မီးဖုတ်ကာ မီးကျက်သွားမှ ရောင်းတန်းဝင် အရည်အသွေးအုတ်များ ရရှိကြောင်းလည်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)