ဟိုပုံး မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် တပေါင်းလပြည့်ကျော်(၁)ရက်နေ့တွင်ကျင်းပသော မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှစတင်၍ ကမ္ဘောဇလမ်းမှ ဆီဆိုင်-လွိုင်ကော်သွားလမ်း ထိုမှတစ်ဆင့် ဟိုပုံးကားဂိတ်မှ သီရိမင်္ဂလာဗိမာန်တော်ကြီးအထိ လှည့်လည်၍ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၃)ကျောင်းမှ သံဃာအပါး(၄၅၀)ပါးတို့ ကြွရောက်ချီးမြှင့်ပေးခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံ ပြည်သူများ အပါအဝင် ရပ်နီးရပ်ဝေးမှ စေတနာရှင်ပြည်သူများက စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းအမျိုးမျိုးတို့ကို လောင်းလှူခဲ့ကြ ကြောင်းသိရသည်။
နေမင်းထွန်း(ဟိုပုံး)