မိုးနဲမြို့၌ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေး မြန်မာ၊ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်

မိုးနဲ    ဒီဇင်ဘာ   ၃

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့တွင် ယနေ့နံနက် ၈ နာရီ အချိန်ကမြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများ လိုက်နာရမည့်အချက်များအား မြန်မာ၊ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြဉ်ရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက်  ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို Hand speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ခြင်းကို   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက လွိုင်မြေရပ်ကွက်နှင့်‌ ပေါ့မိုင်းရပ်ကွက် များသို့သွားရောက်နှိုး‌ဆော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)