ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ရွှေပြည်သာ ဒီဇင်ဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်‌ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းသူအောင်နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် လှော်ကားကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ/ ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီးလက်ရှိ ဒေသ၌ ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ၊ လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက် ပေးရာတွင် ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်‌ပေးနိုင်ရန် ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများအရောက် စာရင်းများကွင်းဆင်း  ကောက်ယူ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဆက်လက်၍လည်း ရပ်ကွက်၊ ကျေးရွာများအလိုက် စာရင်း ကောက်ယူခြင်း၊ နိုင်ငံသာစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)