မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် မြို့ပေါ်ရပ်ကွက်များသို့ စဉ်ဆက်မပြက်အသိပညာပေးနှိုးဆော်လျက်ရှိ

မိုင်းယန်း     ဒီဇင်ဘာ     ၃

ကိုဗစ်-၁၉  ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြား ချက်များကို ဒေသခံတိုင်းရင်းသားပြည်သူများ သိရှိလိုက်နာစေရန်  အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ မိမိတို့ နေအိမ်တွင် အသက်(၆၅)နှစ်အထက် အသက်အရွယ် ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ် နှင့်နှာခေါင်းစည်းကို တပ်ဆင်ထားစေရန်၊ COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန များသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို ရှမ်း၊ မြန်မာ ဘာသာတို့ဖြင့် ရပ်ကွက်များ အတွင်းသို့ လှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး