ရွှေပြည်သာမြို့နယ်၌ အသက်(၄၀)နှစ်အထက်နှင့် အသက်(၁၈)အထက် ပြည်သူများအား ကာကွယ်ဆေးများထိုးနှံရေးနှင့် ကျန်းမာရေးအသိပညာပေး လှည့်လည်နှိုးဆော်                                                             

ရွှေပြည်သာ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသက်(၄၀)နှစ် အထက်နှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကျန်းမာရေးအသိပညာပေး လှည့်လည်နှိုးဆော်ခြင်း ကို ယနေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ လမ်းမကြီးများ၊ လမ်းဆုံ၊ လမ်းကြိုလမ်းကြားနှင့် လူစည်ကားရာနေရာများသို့ သွားရောက်၍ မော်တော်ယာဉ် အသံချဲ့စက်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌ သာနေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း(Mask)ကို စနစ်တကျ  တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ် တကျ စက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသော သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှ ပြန်လာတိုင်း နှာခေါင်းစည်း(Mask) များကို စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ ဆီးချိုသွေးတိုး နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်     ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူအားလုံးလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ အသက်အပိုင်းအခြားအလိုက် ထိုးနှံပေးသည့် ကာကွယ်ဆေးများကိုလည်း သွားရောက်ထိုးကြရန်နှင့် ဒီဇင်ဘာ(၃)ရက်နေ့ နံနက်  ၉ နာရီချိန်မှစတင်၍ စုရပ်(၄) နေရာတွင် အသက်(၄၀)နှစ် အထက်နှင့် အသက်(၁၈)အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ပါ၍ သွားရောက်ထိုးနှံကြပါရန်တို့ကို မော်တော်ယာဉ် အသံချဲ့စက်ဖြင့် လှည့်လည်၍  တိုက်တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ 

ယခုအခါ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပျံ့ပွားမှု မဖြစ်စေရန်အတွက်   ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်ကြ ရန် မြို့နယ်ကိုဗစ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းခြင်း၊ အသက်အပိုင်းအခြားအလိုက် ဦးတည်အုပ်စုများအတိုင်း ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်(၄၀)နှစ် အထက် ပြည်သူများနှင့် အသက်(၁၈)နှစ်အထက်   ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)