မိတ္ထီလာမြို့နယ်တွင် ဝါသီးနှံမျိုးစေ့ထုတ်လုပ်ငန်း ဆင့်ပွားသင်တန်းဖွင့်လှစ်

မိတ္ထီလာ ဒီဇင်ဘာ ၃

မိတ္ထီလာမြို့နယ်တွင် ဝါသီးနှံမျိုးစေ့ထုတ်လုပ်ငန်း ဆင့်ပွားသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရေချိုကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက အဖွင့်အမှာစကား ပြောကြား ရာတွင် ဒေသခံတောင်သူများအနေဖြင့် ဝါသီးနှံ အထွက်နှုန်း တိုးတက်စေရန် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ သိပ္ပံနည်းကျ စိုက်နည်းစနစ်များဖြင့် သတ်မှတ်အရည်အသွေး ပြည့်မီသည့် မျိုးကောင်း မျိုးသန့်ဝါမျိုးများ စိုက်ပျိုးထုတ်လုပ် နိုင်စေရေး ရည်ရွယ်ပြီး ဝါစိုက်တောင်သူများအား ယခုလို သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံများက ဝါသီးနှံ အထွက်နှုန်းတိုးတက်ရေးအတွက် ဝါသီးနှံ စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အပင်ကြီးထွားမှုအဆင့်တိုင်းတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ သဘာဝမြေသြဇာ သုံးစွဲနည်းများ၊ ဝါသီးနှံတွင် ကျရောက်တက်သော ပိုးမွှာများ၊ ဖြစ်ပွားတက်သော ရောဂါလက္ခဏာများနှင့် ကာကွယ်နှိမ်နှင်းနည်းများစသည့် ဘာသာရပ်များကို ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရေချိုကျေးရွာရှိ ချည်မျှင်ရှည်ဝါအထူးဇုံ (ရွှေတောင်-၁၀)ဧက-၅၀တွင် စိုက်ပျိုး သည့် ဒေသခံ တောင်သူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)