မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအုပ်ကြီးများတွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ညှိနှိုင်း စည်းဝေးကျင်းပ

မလှိုင် ဒီဇင်ဘာ ၃           

မလှိုင်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် အခြေခံပညာကျောင်းများမှကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တွေ့ဆုံ၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ထိုးနှံနိုင်ရေးနှင့် အေးချမ်းစွာ ပညာသင် ကြားနိုင်ရေး လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က မလှိုင်မြို့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မိမိအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးမဝင်သည့်အတွက်  အခြေခံ ပညာကျောင်းများ ဖွင့်လှစ်၍ အရှိန်အဟုန်ဖြင့် စာပေသင်ကြားနေသည့်အတွက် များစွာဝမ်းသာ ပီတိဖြစ်ပါကြောင်း၊ စာပေသင်ကြားနေသော အသက်(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac (Corona Vacc) အား ဆေးထိုးအဖွဲ့(၅)ဖွဲ့ စုဖွဲ့၍ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ပြီး ပထမအကြိမ်(၄၇၉၈)ဦး၊ ဒုတိယအကြိမ် (၃၇၅၂) ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး (၂)ကြိမ် ထိုးနှံပြီးသူအားလုံးကို ကာကွယ်ဆေးထိုးကတ်ပြားများ ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်းမာပျော်ရွှင်၍ ပညာသင်ကြား နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ရာနှုန်းပြည့် ဆက်လက် ထိုးနှံနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန် အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း၊ အတွင်းရေးမှူးရဲမှူး ထိန်လင်းမောင်တို့က အခြေခံပညာကျောင်းများ စိတ်အေးချမ်း သာယာစွာ ပညာသင်ကြား နိုင်ရေးအတွက် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိရန် ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးတို့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ မလှိုင်မြို့နယ်တွင် အထက(၈)ကျောင်း၊ အထက(ခွဲ)(၂၃)ကျောင်း၊ အလက(၁၄) ကျောင်း၊ အလက(ခွဲ) (၆)ကျောင်း၊ မူလွန်(၂၀)ကျောင်း၊ အမက(၁၁၅)ကျောင်း၊ စုစုပေါင်း(၁၈၆)ကျောင်းဖွင့်လှစ်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူ(၁၁၇၃၂)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)