တာမွေမြို့နယ်ရှိ တာမွေ(ယာယီ) စျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှား မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာ သည့် အခါတိုင်း နှာခေါင်းစည်း (Mask)  တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီစျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင် ရေး အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများနှင့် စျေးလာရောက်ဝယ်ယူကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask)များ၊ မျက်နှာကာ (Face shield)များ၊ ခေါင်းစွပ်များနှင့် လက်အိတ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရာတွင်  နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ (Face shield) များ တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာနှင့် မကြာခဏ စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြ ရန်၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင် သွားလာ စားသောက်ကြရန်လည်း အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်း လာမှုနှင့် အတူ မြို့နယ်အတွင်း နှာခေါင်းစည်း (Mask) မတပ်ဆင်သူများ ပိုမိုများပြားလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)