တိုက်ကြီး ဒီဇင်ဘာ ၂
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်ရည်ရွယ်၍ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ တော်လတီကျေးရွာ၊ ရွာဦးဘုန်းတော်ကြီး ကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၁)ကို ဖွင့်လှစ်ခဲ့ကြောင်း တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှသိရသည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဘသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက အခြေခံစက်ချုပ် သင်တန်း ဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို တိုက်ကြီးမြို့နယ် ပုဂ္ဂလိက စက်ချုပ်သင်တန်းဖွင့်လှစ်ထားသည့် နည်းပြ ဒေါ်သင်မာလွင်မှ နည်းပညာပံ့ပိုးကူညီပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးလက်နေပြည်သူ (၂၀) ဦးတို့တက်ရောက်လျက်ရှိသလို သင်တန်းကာလမှာ တစ်လကြာမြင့်မည် ဖြစ်ကြောင်းလည်း သိရသည်။
စန်းကလျာခိုင် ( ပြန် / ဆက် )