တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်

တိုက်ကြီး ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ချက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အတွင်းရှိ အသက် ၅၅ နှစ် နှင့် အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများနှင့် အသက် ၅၅ နှစ် မပြည့်သေးသော်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင် သူများနှင့် အသက် ၁၈ နှစ်အထက် ပြည်သူများကိုလည်း  ဦးစားပေးဉီးတည်အုပ်စုအဖြစ် ထပ်မံတိုးချဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယခင်သတ်မှတ်ထားသည့် ဉီးစားပေး (၁၂)အုပ်စုမှ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ပါသဖြင့် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စာရင်းပေးသွင်းကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီတိတိအချိန်၌ တိုက်ကြီးမြို့မ(အ.ထ.က) ကျောင်းတွင် ကာကွယ်ဆေးများကို မပျက်မကွက် လာရောက်ထိုးနှံကြပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး နှိုးဆော်ထားပါသည်။

တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပျက်ဆောင်ရွက်လျက် ရှိကြောင်းသိရပါသည်။

စန်းကလျာခိုင်(ပြန်/ဆက်)