ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသော ကူးစက်ရောဂါဖြစ်သည့် Coronavirus Disease 2019(COVID-19)ရောဂါ (Third Wave) တွင် ဖြစ်ပွား နေသည့် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ အမှန်တကယ် ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင် ရာများ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကင်းမြို့နယ် အနေဖြင့် ယခုလို ပူးပေါင်းပါဝင်ကူ ညီဆောင်ရွက်ကြသူအားလုံး ဒေသအကျိုး၊ မိမိရပ်ရွာအကျိုး၊ မြို့ရဲ့အကျိုးဆောင်ရွက်နေတာကို တွေ့ရ ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ပြီးခဲ့သည့် တတိယလှိုင်းတွင် ရောဂါ ကူးစက်မှုများအား ထိန်းချုပ်နိုင်ခဲ့တာကို တွေ့ရပါကြောင်း၊ စတုတ္တလှိုင်းအတွက် ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ပြီး မိမိပတ်ဝန်းကျင်အရ အကျိုးစီးပွားဖြစ်တဲ့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားဟာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အဘက်ဘက်မှ လိုအပ် သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြတဲ့ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ရပ်ဖြစ်ပါကြောင်း၊ ကျွန်တော့ အနေနဲ့လည်း ရန်ကင်းမြို့နယ်ရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အဘက်ဘက်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး ခဲ့ကြသူတွေကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ နောက်နောင်လည်း မြို့နယ်ရဲ့ လိုအပ်တဲ့ လူမှု ကူညီရေးလုပ်ငန်းတွေမှာ အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ပါကြောင်း၊ ယခု လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် ကြိုတင် ကာကွယ်ရေးအနေနဲ့ ကာကွယ်ဆေးထိုး နှံပေးခြင်းလုပ်ငန်းအပြင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းတွေကိုလည်း မြို့နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါ ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ အဘက်ဘက်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသော မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသူများကိုယ်စား စေတနာ့ဝန်ထမ်း တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ ရန်ကင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများ တက်ရောက် ခဲ့ကြပြီး နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)