မိုးညှင်း ဒီဇင်ဘာ ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပါးစပ်နှာခေါင်းစည်းမတပ်ဆင်သည့် ဒေသခံပြည်သူများအား ပါးစပ်နှာခေါင်းစည်းဝေငှပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နှာခေါင်းတို့ပတ်ယူခြင်းများကို ဒီဇင်ဘာ(၁)ရက် နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်ကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ မိုးညှင်းမြို့နယ်သည် ကျန်းမာရေးဝန်ကြီးဌာနမှ Stay At Home မြို့နယ်အဖြစ် ထုတ်ပြန်ထားရှိခဲ့သည့်အပေါ် ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ် ပြင်ပသို့ ထွက်ခွာသွားလာကြရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်ရာ၌ စည်းကမ်းချက်များ လိုက်နာ ဆောင်ရွက်ခြင်းမရှိသည့် ပြည်သူ(၄၅)ဦးကို ပါးစပ်နှာခေါင်းစည်းများဝေငှပေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် နှာခေါင်းတို့ပတ်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ပြည်သူ(၄၅)ဦးကို ယာယီထိမ်းသိမ်းထား၍ ခံဝန်ကတိရေးထိုး သတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်