မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်း အခမဲ့ဖွင့်လှစ်

မန္တလေး ဒီဇင်ဘာ ၂

အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်ပြီး ဝင်ငွေတိုးစေရန် ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းက မိမိအိမ်မှာနေထိုင်ပြီး မိသားစုတပိုင်တနိုင်လုပ်ကိုင်နိုင်တဲ့ အိမ်တွင်းမှု လုပ်ငန်း ဖြစ်ပါတယ်၊ ဒီလုပ်ငန်းလုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးစေရန် ရည်ရွယ်ပြီး အခမဲ့ဖွင့်လှစ်ပေးတာပါ၊ နောက်တစ်ပတ်တွေ မှာလည်း မိသားစုဝင်ငွေတိုး လုပ်ငန်းများအဖြစ် ပန်းအလှပြင်သင်တန်း၊ ကြက်မွေးတံ မျက်စည်း ပြုလုပ်နည်းသင်တန်း၊ ဖဲပြား၊ ကလစ်ပြုလုပ်နည်းသင်တန်း၊ ခြင်းတောင်းပြုလုပ်နည်းသင်တန်း အစရှိသော အိမ်တွင်းမှုလုပ်ငန်းများကို မိသားစုဝင်ငွေတိုးပွားစေရန် မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) မှာ အခမဲ့ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်၊ မည်သူမဆိုအခမဲ့ လာရောက် သင်ကြားနိုင် ပါကြောင်း မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။

အဆိုပါ သင်တန်းကို သင်တန်းသား/သူ(၁၂)ဦး ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြ မယုကလျာစိုးနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)