သုံးခွ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် အမှတ်(၆၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိ ပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ရှစ်မျက်နှာဘုရားရှေ့၊ ဇွဲအားမန်ကားဂိတ်နှင့် သုံးခွမြို့ပြင်တို့တွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆောင်ရွက်ရာတွင် သုံးခွမြို့နယ် အမှတ်(၆၀) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲအုပ် နေမျိုးနိုင်က ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်း ပပျောက်စေရေးအတွက်မော်တော်ဆိုင်ကယ် စီးနှင်းစဉ် ဘေးကင်းလုံခြုံစိတ်ချရသော ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်း၍ မေးသိုင်းကြိုး တပ်ဆင်မောင်းနှင်ရန်၊ လမ်းမကြီးပေါ်တွင် ယာဉ်များအချိန် ကြာမြင့်စွာ ရပ်နားထားခြင်းများ မပြုလုပ်ရန်၊ အနှေးယာဉ် (စက်ဘီး)ကို ရင်ဘောင်တန်း မစီးရန်၊ လင်္ကျာကပ် စီးနင်းရန် လမ်းညွှန်အမှတ်အသား သင်္ကေတ လမ်းညွှန်များအား လိုက်နာရန်၊ လမ်းပြောင်းပြန် မစီးရန်နှင့် ခြေလျင်လျှောက်သူများ လိုက်နာရမည့်အချက် များ ရှောင်ကြဉ်ရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေးဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်ရေးကော်မတီ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ သည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးထွန်းစောဝေ၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး မြင့်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်