သာစည် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဖွင့်လှစ်သော ချည်မျှင်ရှည်ဝါစိုက်ပျိုးနည်းစနစ်နှင့် မျိုးစေ့ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ပြုလုပ် ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဌေးနိုင်က အမှာစကားပြောကြးရာတွင် သင်တန်းတက် ရောက်သော တောင်သူများအနေဖြင့် သင်တန်းမှပို့ချသော ချည်မျှင်ရှည်ဝါ စိုက်ပျိုးနည်းစနစ်နှင့် မျိုးစေ့ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို အလေးထားမှတ်သားရယူပြီး အပြန်အလှန်ဆွေးနွေးခြင်း၊လက်တွေ့ ဆောင်ရွက်ခြင်းနှင့် ပြန်လည်မျှဝေခြင်း များ ဆောင်ရွက်စေလိုကြောင်းကို ထည့်သွင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးငွေက ဒေသတွင်း ဝါသီးနှံအထွက်နှုန်း တိုးတက်ရေး၊ ဝါမျိုးသန့် အထူးဇုံများစိုက်ပျိုးရေး၊ဌာနနှင့် တောင်သူ ပူးပေါင်း ပါဝင်သောဝါသီးနှံမျိုးသန့်မျိုးစေ့ စနစ်တကျ ထုတ်လုပ်ခြင်းဖြင့် ဝါစိုက်ရာသီတွင် မျိုးသန့်စိုက်ဧက လျှာထားချက်ပြည့် မီအောင် စိုက်ပျိုးနိုင်ရန် ရည်ရွယ်ကြောင်းတို့ကို ပြောကြား သည်။
သင်တန်းတွင် အရည်အသွေးကောင်း ဝါမျိုးသန့်သတ်မှတ်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ချည်မျှင်ရှည် ဝါမျိုးစေ့ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီရေးအတွက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဝါသီးနှံတွင်ကျရောက်တတ် သော ပိုး/ရောဂါကာကွယ်နှိမ်နင်းနည်းနှင့် ချည်မျှင်ရှည်ဝါ အထွက်နှုန်းတိုး စိုက်ပျိုးနည်းစနစ်နှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ စသည်ဖြင့် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ အောင်သာ၊ ရွာမွန်သာ၊ နှမ်းကန်၊ မကျီးကန်နှင့် ဉာဏ်ကန် ကျေးရွာ အုပ်စုများမှ ဝါစိုက် တောင်သူများ တက်ရောက်ကြကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်