သီပေါ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘာသာရေးကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ Pilot Project အစီအစဉ်ဖြင့်ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက သီပေါမြို့ ရွှေကျောင်းဘုန်းကြီးကျောင်းတွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အဆိုပါကျောင်းရှိ ရဟန်း၊ သာမဏေ (၂၁) ပါးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT (Test Kit ) ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာမရှိကြောင်း သိရသည်။ ဆက်လက်၍ စစ်ဆေးရန် လိုအပ်သောနေရာများသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းကာသွားရောက်စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)