လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)တွင် ၁၈၅၀၉ဦး ထိုးနှံပေးပြီးဖြစ်

လယ်ဝေး ဒီဇင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း တို့တွင် ပညာသင်ယူ လျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှကြိုတင် ကာကွယ် နိုင်ရန်အတွက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့သီရိရတနာ ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ(၁)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၈၅၀၉)ဦး ထိုးနှံပေးခဲ့ပြီး ဖြစ်သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ စာရင်း ရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာပေးခြင်းများ ပြုလုပ်ပြီး အလှည့်ကျကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀) ခန့် အနားယူစေပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေးဌာန ဝန်ထမ်းများ နှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိသည်။

လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးစင်တာ၊ တိုက်နယ်ဆေးရုံများ၊ ကျေးရွာ ကျန်းမာရေးဌာနခွဲများတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac)ကို အောက်တိုဘာ (၁၂) ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး ဒီဇင်ဘာ(၁)ရက် အထိ ကျောင်းသား၊ ကျောင်းသူ(၈၈.၄၀)ရာခိုင်နှုန်း ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)