ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီညှိနှိုင်း အစည်းအဝေး (၉/၂၀၂၁)ကျင်းပ

စစ်တွေ  ဒီဇင်ဘာ  ၂

ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ (၉/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းသည် နှစ်ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာမှ ယခုအခါ ရောဂါကူးစက်သူများ ပြန်လည် တွေ့ရှိလာရပါကြောင်း၊ ကိုဗစ်-၁၉ရောဂါကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ခဲ့ချိန်တွင် ကိုဗစ်ရောဂါကြောင့် ထိခိုက်ခဲ့သော ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍများကို မြန်မြန်ဆန်ဆန် တိုးတက်လာအောင် ကုစားဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေချိန်တွင် ရောဂါကူးစက်မှုနှုန်းကို အရေးတကြီး ထိန်းချုပ် ဆောင်ရွက်နိုင် မှသာလျှင် ထိခိုက်ပျက်စီးမှုများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီ အဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာကြသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်သင့်သည့်ကိစ္စများ၊ လုပ်ဆောင်နေမှုများကို  ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ် Coronavirus Disease–2019 (Covid-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ တွေ့ရှိခဲ့မှုအခြေအနေ၊ ကာကွယ် ဆေးထိုးနှံပေးခဲ့မှုနှင့် ဆက်လက် ထိုးနှံပေးသွားမည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ဆွေနွေး တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က   ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)