မြန်မာနိုင်ငံသို့ ဒူဘိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ RDT Test Kit ဖြင့်စစ်ဆေး

မင်္ဂလာဒုံ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးစုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ဒူဘိုင်းနိုင်ငံမှယမန်နေ့ညပိုင်းက လေကြောင်းခရီးဖြင့် ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးစခန်းတွင် ထားရှိပြီး ယနေ့နံနက်ပိုင်းတွင် ဒူဘိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်အမျိုးသား(၁၉)ဦး၊ အမျိုးသမီး(၅)ဦးစုစုပေါင်း (၂၄)ဦးတို့အား RDT Test Kit ဖြင့်နှာခေါင်းတို့ပတ်၊ အာခေါင်တို့ ပတ်ယူပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဓါတ်ခွဲအတည်ပြုပြီး ပိုးတွေ့ရှိသူများကို ပုလဲဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာသို့ ပို့ဆောင်ပြီး ပိုးမရှိသူများကို မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဟု သိရသည်။

ထို့ပြင်မြန်မာနိုင်ငံသို့ လေယာဉ်ခရီး၊ မော်တော်ယာဉ်ခရီးများဖြင့် ပြန်လည်ဝင်ရောက် လာသူများကို မင်္ဂလာဒုံအဝေးပြေးယာဉ်ရပ်နားစခန်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စင်တာတွင် ရောက်ရှိကြောင်းစာရင်းသွင်းပြီး ထောက်ကြန့်စင်တာတွင် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးခံယူပြီးမှ မိမိတို့သွားလိုရာအရပ်သို့ သွားနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

သန္တာ(ပြန်/ဆက်)