သီပေါမြို့နယ်တွင် ဈေးများပုံမှန်ပြန်လည်ဖွင့်လှစ်

သီပေါ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု ထိန်းချုပ် နိုင်စေရန်နှင့် ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းစေရန်အတွက် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် ဝက်ဝံယာယီပျံကျဈေးတို့ကို (၅) လနီးပါးခန့် ယာယီပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းမှစတင်၍ ပုံမှန်ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ထိုသို့ ဈေးများပြန်လည်ဖွင့်လှစ်ရောင်းချရာတွင် မြို့မဈေးကြီးတွင် ဈေးရောင်းချမည့်သူများအနေဖြင့် နံနက်(၆)နာရီခွဲမှ ညနေ(၄)နာရီအထိ သာရောင်းချကြရန်၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် လက်အိတ်များ ဝတ်ဆင်၍ရောင်း၊ ဝယ်ကြရန်၊ ဈေး အဝင်/အထွက် နေရာများတွင် ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခံရန်၊ လက်ဆေးဘေစင်တွင် စနစ်တကျလက်ဆေးကြရန်၊ ဈေးဆိုင်ခန်းရှင်များ သတ်မှတ်ထားသော ဆိုင်ခန်း ဧရိယာ ထက်ကျော်လွန်ရောင်းချခြင်း မပြုလုပ်ရန်၊ ဈေးဆိုင်တွင် လက်သန့်ဆေးရည်ထားရှိရန်၊ ဈေးဆိုင်ခန်း တစ်ခန်းတွင် ဆိုင်ရှင်(၁)ဦး၊ လုပ်သား(၁)ဦးသာရောင်းချရန်၊ အလှည့်ကျရောင်းချရန် စသည့်စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်မှု မရှိသူများအား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

အလားတူ ဝက်ဝံယာယီပျံကျဈေးအား ယနေ့ နံနက်(၄)နာရီမှ နံနက်(၁၀)နာရီအထိ သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)