သီပေါတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်

သီပေါ   ဒီဇင်ဘာ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ယနေ့ နံနက်(၉)နာရီအချိန်က ရပ်ကွက်နှင့်ကျေးရွာများရှိ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား  လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား  ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(ရိုတာကာကွယ်ဆေး)၊ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး(၉)မျိုးကို ထိုးနှံပေးပြီး၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး ကိုလည်း တိုက်ကျွေးခဲ့ကြသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့်  ကလေးမိခင်များကို ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)