နောင်ချို ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ် တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု ၁.၉၉ ရာခိုင်နှုန်းထိ ကျဆင်းလာကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာန ဆိုင်များ၊ ပရဟိအဖွဲ့များ ပါဝင်သော အဖွဲ့များက နောင်ချိုမြို့နယ် အင်းဖိုကျေးရွာအုပ်စုနှင့် ဆမ္မဆယ်ကျေးရွာအုပ်စု တို့တွင်ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်း လူဦးရေ (၂၀၁) ဦးကို RDT Tes tkit ဖြင့်စစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ်(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိခဲ့ရာ ပိုးတွေ့ရှိမှုရာခိုင်နှုန်း (၁.၉၉) ရာခိုင်နှုန်းသာရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူ(၄)ဦးအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင်ထားရှိ၍ ကြပ်မတ်ကုသ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ အမြန်ဆုံး ကွင်းဆက်ပြတ်တောက်နိုင်ရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးကော်မတီထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)