ဆီဆိုင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

ဆီဆိုင် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသား များနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက် ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းမှ နိုဝင်ဘာ  ၃၀ ရက်နေ့ ညနေပိုင်းအထိ နားခိုက် ကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများသို့  အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဆီဆိုင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဝင်း၏ ကြီးကြပ်မှုဖြင့် လဝကမှူး ဒေါ်အမာရွှေ ဦးဆောင်သည့် ဝန်ထမ်းများက နားခိုက်ကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ရွာသူ ရွာသား များအား ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ် ပေးခြင်းနှင့် အိမ်ထောင်စုဆိုင်ရာ မွေးဖွား၊ သေဆုံး ပြောင်းဝင်၊ ပြောင်းထွက် အိမ်ထောင်စု လူဦးရေစာရင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များအညီ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ရာ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်း၊ ဗီနိုင်းပိုစတာများစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့်ပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)