မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းဖွင့်လှစ်

မူဆယ် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်၊ မူဆယ်မြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။ 

သင်တန်းဖွင့်ပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မူဆယ်မြို့ သင်တန်း ခန်းမ၌ကျင်းပပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးကအမှာ စကားကြားရာတွင် “သင်ကြားပေးတဲ့ အိမ်တွင်းမှုပညာရပ်များကို ကြိုးစားသင်ယူပြီး မိမိတို့အရပ်ဒေသပြန်ရောက်ပါက လက်တွေ့အသုံးချ၍ မိမိဒေသအကျိုးရှိအောင်ဆောင်ရွက်ကြရန်၊ ယခုအချိန်၌ ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်သည့် ကိုဗစ် - ၁၉ ရောဂါစည်းကမ်းများကို လိုက်နာ၍  သင်တန်းသူများအားလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ သင်ယူတက်ရောက်ကြရန်” ပြောကြားသည်။ 

အဆင့်မြင့်စက်ချုပ်သင်တန်း၊ နယ်စပ်ဒေသတိုင်းရင်းသူ(၅၀)ဦးအား သင်တန်းကာလ ရက်သတ္တပတ် (၁၈) ပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။ ထို့ပြင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းစောရင်က ပို့ချမည့်ဘာသာရပ်များရှင်းလင်းပြီး သင်ထောက်ကူပစ္စည်းများအားရှင်းလင်းပြသသည်။ ထို့ပြင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမ၌ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားသည်။ ဆက်လက် ပြီး သင်တန်းကာလတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်း(Mask)၊ လက်သန့် ဆေးရည် Hanjel များကို ခရိုင်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ သင်တန်းသူများအတွက်၊ ဆန်(၈)အိတ်ကို ခရိုင်လဝက ဦးစီးမှူးနှင့် မူဆယ်မြို့ စည်ပင်သာယာရေး အမှုဆောင်အရာရှိတို့ကလည်းကောင်း ပေးအပ်လှူဒါန်းကြောင်း သိရသည်။ 

အယ်လ်စိုး(မူဆယ်)