ကျေးသီးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲ ကျင်းပ

ကျေးသီး        ဒီဇင်ဘာ        ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ် ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက နောင်ဆွမ်းကျေးရွာအုပ်စု၊ နောင်ဆွမ်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း  အဆိုပါဦးစီးဌာနမှ သိရသည်။

ပထမဦးစွာ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထူးထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဦးအေးနိုင် ဆွေးနွေးရာ တွင် သင်တန်းမှရရှိလာသော ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချပြီး မိသားစုဝင်ငွေ တိုးပွားရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သွားစေလိုကြောင်း မှာကြားခဲ့၍ တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများ ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း သင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် ကျွမ်းကျင် ဆရာများက စာတွေ့လက်တွေ့ ( ၃၀ ) ရက်ကြာ အခမဲ့ သင်ကြားပို့ချခဲ့ကြောင်း ကျေးသီးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)