ကွမ်းလုံတံတားသစ်စီမံကိန်းလုပ်ငန်းအတွင်းပါဝင်သော မြေယာနှင့်အဆောက်အဦများအား စတုတ္ထအကြိမ် လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကွမ်းလုံ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် ကွမ်းလုံတံတားသစ်စီမံကိန်း လုပ်ငန်းအတွင်း ပါဝင်သွားသော မြေယာနှင့် အဆောက်အဉီများအား (စတုတ္ထအကြိမ်) လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကွမ်းလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကွမ်းလုံစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်ဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြှင့်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့အခြေချကွမ်းလုံမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်ဇော်မှ အဖွင့်အမှာစကားပြောကြားရာ၌ ယခု တံတားကြီးအား တည်ဆောက်ပြီးစီးသွားပါက ကွမ်းလုံမြို့သည် အချက်အခြာကျသောမြို့တစ်မြို့ဖြစ်လာမည်ဖြစ်ပြီး တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံ၏ စီးပွားရေးလမ်းကြောင်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကာ ကွမ်းလုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏လုပ်ငန်း စီမံကိန်းဖြစ်သော်လည်း မြေယာပိုင်ရှင်များနစ်နာမှုမရှိစေရေး နိုင်ငံတော်မှ မြေယာပိုင်ရှင်များကို လျော်ကြေးပေးကာ ပြန်လည်ဝယ်ယူ၍ ဆောင်ရွက်ခြင်း သဘောဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မြို့မိမြို့ဖများ၊ သက်ဆိုင်ရာမြေပိုင်ရှင်များနှင့်ညှိနှိုင်း၍ သဘောတူ ဆောင်ရွက်ခြင်းဖြစ် ကြောင်းပြောကြားခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြှင့်နိုင်ဦးမှ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မြေယာလျော်ကြေးငွေ ပေးအပ်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးမှ မြေယာလျော်ကြေး ပေးအပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်မြင့်မှ မြေယာလျော်ကြေးပေးအပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဒေသခံတောင်သူများ သိရှိနားလည်စေရေး တိုင်းရင်းသား ဘာသာစကားဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကွမ်းလုံတံတားသစ်စီမံကိန်းလုပ်ငန်းအတွင်း ပါဝင်သွားသော တောင်သူတစ်ဦးချင်းစီ၏ လယ်ယာမြေနှင့် အဆောက် အဦအတွက် လျော်ကြေးငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှပေးအပ်ရာ တောင်သူ(၂၄)ဦးတို့မှ အသီးသီးလက်ခံရယူ ခဲ့ကြသည်။

ကွမ်းလုံတံတားသစ် စီမံကိန်းလုပ်ငန်းအတွင်းပါဝင်သွားသော တောင်သူတစ်ဦးချင်းစီပိုင်ဆိုင်သည့် လယ်ယာစိုက်ပျိုးမြေများ၊ သီးနှံများနှင့် အဆောက်အဉီးများအား နိုင်ငံတော်ဘတ်ဂျပ် ကျပ်သိန်း (၂၃၉၆)သိန်းကျော်ဖြင့် တံတားဦးစီးဌာနမှ ပေးလျော် သွားမည်ဖြစ်ကာ ယခုဘတ်ဂျပ်တွင် ကျပ်သိန်း (၅၀၀) ကို ပေးလျော်၍ ကျန်ရှိသည်များကို ၂၀၂၂-၂၀၂၃ ဘတ်ဂျပ်တွင် ဆက်လက် ပေးလျော်သွားမည်ဖြစ်ကြောင်း မြို့နယ်မြေယာလျော်ကြေးငွေပေးအပ်ရေးကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)