အမ်း နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ်မှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ ကို ယနေ့နံနက် (၉)နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင် က နယ်စပ်ဒေသနှင့် ကျေးလက်နေ တိုင်းရင်းသူအမျိုးသမီးများ မိမိကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း ပညာရပ်ဖြင့် ဘဝရပ်တည်နိုင်စေရန်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်ကြား တတ်မြောက်သည့် အသက်မွေးဝမ်းကြောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည့်အထိ ကူညီဆောင်ရွက်ကြရန်၊ အမျိုးသမီးငယ်များရဲ့ အသိအမြင်မြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ ဘဝရပ်တည်မှုခိုင်မာစေရေးအတွက် သင်တန်း များဖွင့်လှစ်ပေးကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဆရာမကြီး ဒေါ်စိုးစိုး က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ် စဉ်(၃) သင်တန်းကို ၃၀-၁၁-၂၀၂၁ မှ ၃၁-၃-၂၀၂၁ ရက်နေ့ထိ (၁၈)ပတ်ကြာသင်ကြားပေးမည် ဖြစ်ကြောင်း စက်ချုပ်ဘာသာရပ်(၁၅)မျိုး၊ လက်မှုဘာသာရပ်(၁၀)မျိုး၊ မုန့်လုပ်နည်းဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ်များ သင်ကြားပေးပြီး သင်တန်းသူများအား တိုင်းချစ်၊ ပြည်ချက်၊ မျိုးချက်စိတ် အစဉ်ရှင်သန်ထက်မြတ်နေစေရေးအတွက် ပြည်ထောင်စုစိတ်ဓါတ်သင်ခန်းစာ ဘာသာရပ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ ကြက်ခြေနီ အခြေခံရှေ့ဦးပြုစု နည်း သင်တန်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး သင်တန်းတွင် လိုအပ်သည့် သင်တန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်ဝေးသင်တန်းသူများကို အဆောင်နေ သင်တန်းသူ အဖြစ် လက်ခံထားရှိပြီး နေထိုင်စားသောက်စရိတ်နှင့် အသွားအပြန် ခရီးစရိတ်များထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းကို သင်တန်းသူ (၄၀)ဦး တက်ရောက်ခဲ့ပြီး နယ်စပ်ဒေသတွင် နေထိုင်သည့်ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရည်ရွယ်ချက် (၅)ရပ်ဖြင့် တိုင်းရင်းသား/ တိုင်းရင်းသူများ၏ ပညာရည်မြင့်မားရေးနှင့် ဘဝရပ်တည်မှုခိုင်မာစေရန် အလုပ်အကိုင် အခွင့် အလမ်းများရှိစေရန်၊ အသိပညာ၊ အတတ်ပညာများကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
စိုးမင်းထွန်း