ဂွ နိုဝင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မူလတန်းမှ အထက်တန်း အထိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာတက်ရောက် ပညာသင်ကြား နေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များအားလုံးတွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်နိုင်ခဲ့သော်လည်း ဂွမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိမှုများပြားသောကြောင့် အခြားမြို့နယ်များနည်းတူ ကျောင်းများဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပေ။ ယခုအခါ ဂွမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိမှု လျော့နည်းလာသည့်အတွက် ယနေ့မှစ၍ အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အစ၌ ကျောင်းအပ်နှံ၍ တက်ရောက်သော ကျောင်းသားကျောင်းသူများသာမက ကျောင်းအပ်နှံရခြင်း မရှိသေးသည့် ကျောင်းသား ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်းများကို ကျန်းမာရေးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ တာဝန်ရှိသူများက ကျောင်းစာများကို ဘာသာရပ်အလိုက် စနစ်တကျ သင်ကြားပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများက စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်